ရန်ကုန် ၂၀၂၄ အောက်တိုဘာ ၂၇
ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မွန်ပြည်နယ် လူမှုရေးရာ၀န်ကြီး ဦးစောကြည်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာရပ် စာမေးပွဲများဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သင်ကြားသင်ယူမှု နည်းစနစ်များနှင့် ပရောဂျက်အခြေပြု သင်ကြားရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို မေးမြန်းဆွေးနွေးပြီး ပညာရေး၀န်ကြီး ဌာန၏ မူဝါဒများကို ရှင်းလင်းပြောကြားကာ ပါမောက္ခများ ထမ်းဆောင်ရမည့် တာ၀န်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကိုမှာကြား၍ တက္ကသိုလ်စာကြည့်တိုက်နှင့် ကျောင်းပရိဝုဏ် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ဆရာ ဆရာမများနှင့် တွေ့ဆုံကာ စာသင်ဆောင်၊ အိပ်ဆောင်များ၌ ရေ၊ မီးပြည့်စုံရေး၊ ဝိုင်ဖိုင်ရရှိရေး၊ သောက်ရေသန့် စနစ်တပ်ဆင်ရေး၊ အားကစားပစ္စည်းများ ဖြည့်ဆည်းရေးကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ကျောင်းပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
