ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မအူပင်တက္ကသိုလ်၊ ညောင်တုန်းမြို့နှင့် မအူပင်မြို့တို့ရှိ စာစစ်ဌာနများအား လှည့်လည်ကြည့်ရှု

 

နေပြည်တော် ၂၀၂၅ မတ်

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းကဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ရှိအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် မအူပင်မြို့ရှိအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုကိုလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

 

ထို့သို့ကြည့်ရှုစဉ်ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများ ဘာသာစုံ ပြီးမြောက်သည်အထိ မပျက်မကွက် စာမေးပွဲဖြေဆိုရေးနှင့် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

 

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်တက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ နေ့သင်တန်းစာမေးပွဲများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနေမှုကိုလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားကာ ဘာသာရပ်ဌာနများကို လှည့်လည်ကြည့်ရှုသည်။

 

ယင်းနောက် အစည်းအဝေးခန်း၌ တက္ကသိုလ် ဆရာ ဆရာမများနှင့် တွေ့ဆုံရာ စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေးစစ်ဆေးအကဲဖြတ်ရေးနှင့်ဆရာအရည်အသွေးမြှင့် သင်တန်းများ မပျက်မကွက် တက်ရောက်ရေးတိုက်တွန်းပြောကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ မအူပင် တက္ကသိုလ်ရှိ စာကြည့်တိုက်၊ အားကစားရုံ၊ အားကစားကွင်း၊ ကျောင်းသားနားနေဆောင်၊ အိပ်ဆောင်နှင့် ဓမ္မာရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။