ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၂၇

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့လမ်း ၈၀ နှင့် ၃၅ လမ်းထောင့်ရှိ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း ကျောင်း(မန္တလေး)ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မန္တလေးအဝေးသင်တက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် တွေ့ဆုံကာ အဝေးသင်ပညာရေးစနစ် မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးမှာကြားပြီး မန္တလေးမြို့တွင် ဖွင့်လှစ်ထားရှိသော ပညာရေးဒီဂရီကောလိပ်များသို့ သွားရောက်၍ အဆိုပါ ကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့်အတူ မန္တလေးတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံ၍ ကျောင်းတက်နှုန်းမြင့်မားရေး၊ သင်ကြားမှုအရည်အသွေး မြှင့်တင်ရေး နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး တက္ကသိုလ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။