နေပြည်တော် ၂၀၂၄ ဇွန် ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းတက်ရေးအတွက် ဆရာ ဆရာမများ၊ မိဘပြည်သူများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းစည်းရုံး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့ရှိ ပညာရေးဒီဂရီကောလိပ်ကျောင်းဟောင်းနေရာသို့ သွားရောက်ကာ ပညာရေးဒီဂရီကောလိပ်အဖြစ် ပြင်ဆင်တိုးချဲ့ဖွင့်လှစ်နိုင်မည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး တောင်ငူပညာရေးဒီဂရီကောလိပ် စားရိပ်သာ၌ ကျောင်းသား ကျောင်းသူများ နေ့လယ်စာ စားသုံးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြတ်ပညာခန်းမ၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိရေး၊ စံနမူနာပြစည်းကမ်းကောင်းမွန်ရေး၊ စဉ်းစားတွေးခေါ်မှုကို အားပေးသော သင်ကြားနည်းစနစ်များကို လေ့ကျင့်ပျိုးထောင်ရေး၊ နိုင်ငံတော်ကျေးဇူးကို သစ္စာစောင့်သိ၍ နိုင်ငံတော်ကို အလုပ်အကျွေးပြုစုနိုင်သည့် စာသင်ကောင်းသော ဆရာ ဆရာမကောင်းများ ဖြစ်လာစေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်ချမ်းမြေ့စွာ စာသင်ယူနေမှုကို ကြည့်ရှုကာ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံပြီး သင်ကြားမှုအရည်အသွေး၊ ဘာသာရပ်အရည်အသွေး၊ သုတေသန အရည်အသွေး အစဉ်တိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
တောင်ငူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် ကာလအတွင်း ယမန်နှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၃၆၈၄၄ ဦး အပ်နှံခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၄၁၀၆၈ ဦး အပ်နှံခဲ့သဖြင့် ၄၂၂၄ ဦး ပိုမို အပ်နှံလာခဲ့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း ကျောင်းသား ကျောင်းသူ ၇၃၈၆၈၅ ဦး အပ်နှံခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၇၉၅၃၀၇ ဦး အပ်နှံခဲ့ပြီးဖြစ်ရာ စုစုပေါင်း ၅၆၆၂၂ ဦး ပိုမို ကျောင်းအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။
