ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ

 

နေပြည်တော် ၂၀၂၆ ဇူလိုင် ၉

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 

ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များနှင့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ယင်းနောက် ပဲခူးမြို့ အမှတ် (၅) အခြေခံအထက်တန်းကျောင်း(ခွဲ)၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းဆောင်များ၊ တည်ဆောက်မည့် Site Plan များကိုလည်းကောင်း၊ ခမရ(၁၀၅)၊ ခမရ(၁၀၇) အခြေခံပညာ မူလတန်းလွန်ကျောင်း တို့ကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး ခမရ(၁၀၅)၊ ခမရ(၁၀၇) အခြေခံပညာမူလတန်းလွန်ကျောင်းများမှ မူလတန်းအောက်ဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များနှင့် စာရေးကိရိယာများ၊ ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ လှည်းကူးအခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်သစ် တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။