နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့၌ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပသည့် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာပညာရေးဖွံ့ဖြိုးတိုးတက်မှုညီလာခံ ၂၀၂၆ (World Vocational and Technical Education Development Conference 2026) သို့ တက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဉီးဆောင်သည့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့သို့ ရောက်ရှိသည်။
အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Guangxi Education Council မှ တာဝန်ရှိသူများ၊ Guangxi Economic and Trade Vocational Institute မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကို လက်ခံတွေ့ဆုံခဲ့ပြီး နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေး (Technical and Vocational Education and Training – TVET) ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ဆရာ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားမှုဆိုင်ရာနည်းပညာ၊ AI နည်းပညာနှင့် အတွေ့အကြုံများဖလှယ်ရေးနှင့် ပညာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် တာဝန်ရှိသူများသည် Guangxi Economic and Trade Vocational Institute မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနေ့ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ ညီလာခံကြိုဆို ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
အောက်တိုဘာလ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် “TVET: Co-Embracing Change, Co-Forging Standards, Co-Creating Future” ဟူသော ဦးတည်ချက်ဖြင့် ကျင်းပသည့် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာပညာရေးဖွံ့ဖြိုးတိုးတက်မှုညီလာခံ ၂၀၂၆ ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် “TVET Forging a New Landscape for Regional Cooperation” ခေါင်းစဉ်ဖြင့် ကျင်းပသည့် Parallel session တွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးမြှင့်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါကြောင်း၊ ပြောင်းလဲလာသော နည်းပညာနှင့် လုပ်ငန်းခွင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဒီဂျစ်တယ်နည်းပညာ၊ AI ကျွမ်းကျင်မှုများ မြှင့်တင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ညီလာခံ၏ အဓိကအစီအစဉ်ဖြစ်သည့် ဝန်ကြီးအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲ (Ministerial Roundtable) သို့ တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၅၅ နိူင်ငံမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာပညာရေးစံနှုန်းများဆိုင်ရာ မူဘောင်(Framework of World Vocational and Technical Education Standards) တွင် ပါဝင်သည့် အချက်အလက်များ၊ အသုံးအနှုန်းများနှင့် ပြဋ္ဌာန်းချက်များကို ဆွေးနွေးသုံးသပ်ခဲ့ကြကာ နိုင်ငံအသီးသီး၏ ပညာရေးစနစ်၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းများအပေါ် အခြေခံ၍ သင့်လျော်မှုရှိ၊ မရှိနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှုတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး World Vocational Skills Competition ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့်အသင်းများ၏ နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှု သရုပ်ပြသမှုများကို အားပေးကြည့်ရှုခဲ့သည်။ ညီလာခံတွင် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာပညာရေးစံနှုန်းများဆိုင်ရာ မူဘောင် (Framework of World Vocational and Technical Education Standards) ကို ထုတ်ပြန်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့သည် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးဆိုင်ရာ Tianjin Modern Vocational Technology College သို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်မှုများ၊ MoU MoA ကိစ္စရပ်များ၊ ပညာသင်ဆုကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ ထို့နောက် သင်ကြားလေ့ကျင့်ရေးဆိုင်ရာ အစီအစဉ်များ၊ လက်တွေ့သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် နည်းပညာသင်ကြားရေးဆိုင်ရာ အတွေ့အကြုံများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
