နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၂၅
နိုင်ငံတော်အနေဖြင့် ထူးချွန်သူများအတွက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်လျက် ရှိသကဲ့သို့ ဆုရကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရပ်များကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်ဆည်းပူး ရမည်ဖြစ်ပါကြောင်း၊ ကျောင်းပြီးသွားပါက နိုင်ငံတော်ကိုသစ္စာရှိပြီး မိမိတို့နိုင်ငံ၏အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်အပေါ် လုပ်ကျွေးပြုစုရမည်ဖြစ်ပါကြောင်း ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်၀င်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းမိသားစု၀င် သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားစဉ် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
