နေပြည်တော် ၂၀၂၆ မေ ၂၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် သုတေသနနှင့်တီထွင်ဆန်းသစ်မှုစင်တာ၌ သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းမှုကို တက်ရောက်အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ဘာသာရပ်သင်ကြားရေးဆိုင်ရာ သိပ္ပံလက်တွေ့ခန်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ တက္ကသိုလ်များသိပ္ပံသုတေသနဌာန၊ အပန်းဖြေရိပ်သာ၊ အလေးမအားကစားရုံနှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံတက္ကသိုလ်သို့ရောက်ရှိကာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ မိုးရာသီ တက္ကသိုလ် သာယာလှပရေးအတွက် တက္ကသိုလ်ဝင်းအတွင်းကိုလည်းကောင်း၊ သင်ကြားရေးလက်တွေ့ခန်းများ အဆင့်မြှင့်တင်ပေးရေးအတွက်လည်းကောင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
