နေပြည်တော် ၂၀၂၆ မေ ၂
ပြင်ဦးလွင်၊ အင်းလေး၊ နေပြည်တော်၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ပညာသင်နှစ် နဝမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ဦး၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူ ၂၉၁ ဦး၊ စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)သို့ ရောက်ရှိကြသည်။
ရောက်ရှိစဥ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီပညာရေးမှူး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သပြေပန်းနှင့် စံပယ်ပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြပြီး အိုးစည်ဒိုးပတ်အကများဖြင့် ကြိုဆိုကြသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်နှင့် တာ၀န်ရှိသူများသည် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း၊ လူရည်ချွန်များကို ဧည့်ခံကျွေးမွေးမည့် စားရိပ်သာဆောင်များနှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ ဆရာမများသည် နေပြည်တော်စုရပ်ဗဟိုစခန်း (ရွာတော်)၌ တည်းခိုကြပြီး ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
လူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပြင်ဦးလွင် လူရည်ချွန်စခန်း၊ ဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် အင်းလေးလူရည်ချွန်စခန်း၊ ဧကာဒသမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် နေပြည်တော်လူရည်ချွန်စခန်း၊ ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီး သွားရောက်ကြမည် ဖြစ်ကြောင်းသိရသည်။
