နေပြည်တော် ၂၀၂၆ မတ် ၁၁
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုများကို သီးခြားစီ လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သက်ဆိုင်ရာတာဝန်ရှိသူများအား စာမေးပွဲခန်းများတွင် အလင်းရောင်လုံလောက်မှုရရှိစေရေး၊ လေဝင်လေထွက်ကောင်းမွန်ရေး၊ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၃)နှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ တာ၀န်ရှိသူများအား ကျောင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးကိစ္စရပ်များကို မှာကြားသည်။
ထို့အတူ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်နှင့် တာ၀န်ရှိသူများသည် ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ၏ မိဘများနှင့် အုပ်ထိန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများက စာဖြေသူများလိုက်နာရန် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားရှင်းပြခြင်း၊ ခုံအမှတ် မှန်ကန်မှုစစ်ဆေးခြင်း၊ မေးခွန်းစာမျက်နှာစုံလင်မှုစစ်ဆေးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ပျဉ်းမနားမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ စာသင်ဆောင်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယနေ့စတင်ဖြေဆိုသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စာစစ်ဌာန စုစုပေါင်း ၅၂ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၄၉၁၄ ဦး စာရင်း ပေးသွင်းကြပြီး မြန်မာစာဘာသာရပ်ကို ၁၄၁၃၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းနှင့် အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၀ စာရင်းပေးသွင်းကြပြီး မြန်မာစာဘာသာရပ်ကို ၂၃၀ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
