ဒုတိယဝန်ကြီး ဦး‌နေမျိုးလှိုင် လွိုင်ကော်မြို့နယ်၌ အ‌ခြေခံစာတတ်‌မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများ ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂၂

 

ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် တာ၀န်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများ၌ စာသင်ကြားနေမှုကို ကြည့်ရှု အားပေးသည်။

 

ဦးစွာ ဒေါတမရပ်ကွက်ရှိ ဒေါတမစာသင်ဝိုင်း၌ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေး ပြီး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် တိုင်း‌ဒေသ ကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ကယားပြည်နယ် အနေဖြင့် ပထမဦးဆုံးစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး အခြေခံ စာတတ်မြောက်ရေး၏ စာသင်ရက် ၄၀ အတွင်း စာသင်သားများ ပျက်ကွက်မှုမရှိစေဘဲ စာသင်ဝိုင်း များသို့ နေ့စဉ်လာရောက်သင်ယူရန် လိုအပ်သလို နည်းပြနှင့်ကြီးကြပ်များအနေဖြင့် စာသင်သားများ သင်ယူနိုင်မည့် အချိန်အပေါ်မူတည်၍ ညှိနှိုင်းဆောင်ရွက်ပေးရန်အရေးကြီးကြောင်း စာသင်သားများ အနေဖြင့် အခြေခံစာတတ်မြောက်ရေး သင်ကြားသင်ယူမှုပြီးမြောက်ပါက စဉ်ဆက်ပညာရေး အစီအစဉ်များတွင် ဆက်လက်တက်ရောက် သင်ယူရန်လိုအပ်ကြောင်းမှာကြားကာ စာသင်သား ပြည်သူများအား ဝတ်စုံ၊ ဗလာစာအုပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိများသည် လောဓမ္မစာသင်ဝိုင်း၊ နမ့်ဘော်ဝမ်(ခါး) စာသင်ဝိုင်းများသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသင်ကြားသင်ယူနေမှုကို ကြည့်ရှုအား‌ပေးပြီး စာသင်သားပြည်သူများအား ဝတ်စုံ၊ ဗလာစာအုပ်နှင့် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်သည်။

 

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာ‌ရေးဝန်ကြီးဌာနနှင့် ကယားပြည်နယ် အစိုးရ အဖွဲ့တို့၏ပူးပေါင်းမှုဖြင့် နည်းပညာဆိုင်ရာနှင့်  ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန တို့၏ ပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စုရပ်‌ပေါင်း ၁၅ နေရာ၊ စာသင်ဝိုင်း ၁၈ နေရာတို့၌ သင်တန်းသား သင်တန်းသူ ၂၀၈ ဦးတို့ကို ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အထိ တစ်ရက်လျှင်ပျမ်းမျှ သုံးနာရီနှုန်းဖြင့် သင်ကြားချိန် နာရီပါင်း ၁၂၀ သင်ကြား ပေးနေခြင်းဖြစ်ကြောင်း သိရသည်။