နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂၄
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ ကျင်းပနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရေး၊ အကြောင်းမဲ့ ပျက်ကွက်ခြင်းများ မရှိစေရေး မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းတို့မှ Grade-5 စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူဦးရေ ၅၃၄၄၀ နှင့် Grade-9 စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ဦးရေ ၄၆၀၈ ဦးရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် အပြောစွမ်းရည် လက်တွေ့ဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းအတွင်း တည်ဆောက်ဆဲ စာသင်ဆောင်၊ ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အချိန်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရေးမှာကြား၍ တောင်ကြီးတက္ကသိုလ် တက္ကသိုလ်မုခ်ဦး အဝင်လမ်းနှင့် လူသွားလမ်း၊ ရေမြောင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
