နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ပညာရေးဒီဂရီကောလိပ်၏ သုံးထပ်ပင်မဆောင်အတွင်း သင်ကြားရေး၊ စီမံရေးဆိုင်ရာဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သုံးထပ်ပင်မဆောင်ရှိ စာသင်ခန်းများ၊ ခန်းမနှင့် Theater များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ သင်ကြားရေး၊ စီမံရေးဆိုင်ရာလုပ်ငန်း အရည်အသွေးများတိုးတက်အောင် အလေးထားဆောင်ရွက်ရေး မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာပညာရေးဒီဂရီကောလိပ်အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။
ယင်းနောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့သွားရောက်၍ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်နှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက မန္တလေးပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရေးနှင့် ဖွင့်လှစ်နိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြင်ဆင်ရမည့် စာသင်ဆောင်များ၊ တည်ဆောက်ဖြည့်ဆည်းရမည့်နေရာ၊ အဆောက်အအုံ Master Plan နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားသည်။
ထို့နောက် မန္တလေးပညာရေးဒီဂရီကောလိပ်၏ စာသင်ဆောင်၊ ဝန်ထမ်းအိမ်ရာများ၊ ပင်မဆောင်၊ ဘောလုံးအားကစားကွင်း၊ အားကစားရုံ၊ အားကစားကွင်းနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင် တိုးချဲ့တည်ဆောက်မည့်မြေနေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စားသောက်ဆောင်၌ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆရာ ဆရာမဖြစ်လာမည့်သူများအနေဖြင့် မိမိတို့ ကိုယ်တိုင်သင်ကြားရမည့် ဘာသာရပ်ဆိုင်ရာများကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်အောင် ယခုကတည်းက ကြိုးစားအားထုတ်ဆောင်ရွက်ကြစေလိုပါကြောင်း၊ သို့မှသာ နိုင်ငံအတွက် အားထားရမည့် မျိုးဆက်သစ်ပညာတတ်လူတော်လူကောင်းများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း မှာကြားကာ မန္တလေးပညာရေးဒီဂရီကောလိပ်အတွက် ချီးမြှင့်ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ ငလျင်ကြောင့်ပျက်စီးခဲ့သည်များကို ပြန်လည်ပြုပြင်ပြီးစီးခဲ့သည့် ငါးထပ်စာသင်ဆောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် မန္တလေးတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆိုပါ တက္ကသိုလ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဗန်းမော်တက္ကသိုလ် ယာယီရုံးခန်းသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယာယီကာလတွင် ကြုံတွေ့ရသည့် အခက်အခဲ စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်ပြောင်းလဲကြစေလိုပါကြောင်း၊ လိုအပ်သည်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် သင်ကြားရေး ပညာရှင်များဖြစ်၍ ရရှိသည့်အချိန်ကာလနှင့်လျော်ညီစွာ မိမိတို့ ဘာသာရပ်ဆိုင်ရာများ၊ သုတေသနလုပ်ငန်းဆိုင်ရာများကို အဆက်မပြတ်အမြဲလေ့လာအားထုတ်ကြရန်လိုပါကြောင်း၊ မည်သည့် အစိုးရ လက်ထက်တွင်မဆို မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ရန် လိုအပ်ပါကြောင်းပြောကြားကာ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
