နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။
ဦးစွာ ဦးစီးဌာနအလိုက် ဝန်ထမ်းများက သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြသည်။ ထို့နောက် ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခု နှင့် Naypyitaw State Academy တို့မှ စုစုပေါင်းအသင်း ၁၀ သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း တပျော်တပါး ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ဦးနေမျိုးလှိုင်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများက ပျော်ရွှင်စွာ ပါဝင် ဆင်နွဲကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲနှင့်သီချင်းဆိုပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့်နှစ်သိမ့်ဆုရရှိခဲ့ကြသည့် အသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
