နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၂၁
ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)၊ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၈/၂၀၂၆) ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် သင်တန်းသား သင်တန်းသူ ဦးစီးအရာရှိများသည် ပညာရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် အောက်ခြေအဆင့်နှင့် ချိတ်ဆက်ပေးကြရသူများဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ သင်တန်းတွင် မိမိဝန်ကြီးဌာန၏ မူဝါဒများနှင့် သင်ကြားပို့ချပေးသည့် စီမံ၊ ဘဏ္ဍာ၊ ပညာ၊ မူဝါဒ၊ စီမံကိန်းနှင့် ကွန်ပျူတာ၊ အိုင်စီတီ စသည့် အသိပညာများကို သေသေချာချာ လေ့လာမှတ်သားကြရန်နှင့် မိမိတို့လုပ်ငန်းတွင် ပြန်လည်အသုံးချ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်အချို့ကို တက္ကသိုလ်အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အဓိကအားဖြင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများအနေဖြင့် သတ်မှတ်အရည်အချင်းကိုက်ညီသူများသည် ပညာဆက်လက် ဆည်းပူးသင်ယူခွင့်များ ရရှိလာကြမည်ဖြစ်ပြီး ပညာရေးဘွဲ့၊ မဟာဘွဲ့များအထိ အဆင့်ဆင့် ရရှိလျက် ရာထူး၊ လစာ၊ အခွင့်အလမ်းများ တိုးမြှင့်ရရှိလာမည့် အခွင့်အလမ်းကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ အရည်အချင်းရှိသည့် ဆရာ ဆရာမများဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အခြေခံဗဟုသုတများ သင်ကြားပေးရန် စီစဉ်နေကြောင်း၊ ထိုသို့ သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သည့် လူသားအရင်း အမြစ်များ များစွာရရှိလာမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာတို့က သက်ဆိုင်ရာဦးစီးဌာနအလိုက် ဆောင်ရွက်မည့်ပညာရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းအမှတ်စဉ် (၈/၂၀၂၆) သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ရာ ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူပြီး ဒုတိယဝန်ကြီးက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားကာ သင်တန်းသား သင်တန်းသူများနှင့်အတူ ရင်နှီးခင်မင်စွာဖြင့် နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
ယခုဆောင်ရွက်နေသော စီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၈/၂၀၂၆)ကို သုံးလသင်ကြား ပို့ချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဦးစီးအရာရှိ သင်တန်းသား သင်တန်းသူ (၁၉၄)ဦး တက်ရောက်လျက်ရှိသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ ယဉ်ကျေးစွာ ဝတ်စားဆင်ယင် နေထိုင်တတ်စေရေးတို့အတွက် ပြုစုပျိုးထောင်သင်ကြား ပေးကြရမည်ဖြစ်ပါကြောင်းဖြင့်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
