မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၄

 

မူလတန်းပြ ဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ အင်္ဂလိပ်စာ ဆရာ ဆရာမများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာမူလတန်း ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သော အင်္ဂလိပ်စာဆရာဖြစ်သင်တန်း (ပထမအဆင့်)တွင် ဝါရင့်ပါမောက္ခကြီးရှစ်ဦးက ပထမအဆင့် အင်္ဂလိပ်စာခေါင်းဆောင် ဆရာ ဆရာမများကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဆရာ ဆရာမများ၏ အင်္ဂလိပ်ဘာသာစကား အပြောအဆိုတိုးတက်စေရန် Developing Communicative Skills ၊ စာသင်ခန်းသုံး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်စေရန် Classroom Language၊ အင်္ဂလိပ်စာသဒ္ဒါကျွမ်းကျင်စေရန် Communicative Grammar နှင့် သင်ကြားရသည့်ဘာသာရပ် ကျွမ်းကျင်စေရန် Familiarizing teachers with contents စသည့် ဘာသာရပ် Module လေးခုကို သင်ကြားပေးခဲ့သည်ဟု သိရှိရပါကြောင်း။

 

အင်္ဂလိပ်စာခေါင်းဆောင် ဆရာဖြစ်သင်တန်း (ဒုတိယအဆင့်) ကိုလည်း ခရိုင်၊ မြို့နယ်အဆင့် ပို့ချသွားမည်ဖြစ်ပါကြောင်း၊ သင်ကြားနည်းပုံစံများအနေဖြင့် ပထမအဆင့်နှင့်တူညီသည်ဟု သိရပြီး၊ သင်တန်းမတက်မီ အရည်အချင်းစစ်စာမေးပွဲ (Entry Behavior Test) နှင့် သင်တန်းဆင်း အရည်အချင်းစစ်စာမေးပွဲ (Terminal Behavior Test) တို့ကို ဒုတိယအဆင့်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တတိယအဆင့်ပင်မသင်တန်း (Main Course) ဖြစ်သော မူလတန်းပြဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိရာ မြို့များတွင် မူလတန်းပြဆရာ ဆရာမများအား နာရီပေါင်း ၃၆၀ ကြာ ပို့ချသွားမည်ဖြစ်သည့်အတွက် မူလတန်းပြ ဆရာ ဆရာမများ၏ အင်္ဂလိပ်စာအရည်အသွေးမြင့်တက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သင်ကြားရေးအစီအမံများကို အသေးစိတ် ဆွေးနွေးမှာကြားသည်။

 

မူလတန်းပြ ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့်သင်တန်းကို အဆင့်(၃) ဆင့်ဖြင့် သင်တန်းပို့ချမည်ဖြစ်ပြီး အမျိုးသားအဆင့် (ပထမအဆင့်) အင်္ဂလိပ်စာခေါင်းဆောင် ဆရာဖြစ် သင်တန်းကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ သီတင်းနှစ်ပတ်ကြာ အွန်လိုင်းစနစ်ဖြင့် ဝါရင့်ပါမောက္ခ ရှစ်ဦးတို့က တက္ကသိုလ်နှင့်ပညာရေးဒီဂရီကောလိပ်များ၊ အထက်တန်းပြ အင်္ဂလိပ်စာခေါင်းဆောင်များကို ပို့ချခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ပို့ချရာတွင် အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ လက်ထောက်ကထိကမှ ပါမောက္ခအဆင့်အထိ အင်္ဂလိပ်စာဆရာ ဆရာမ ၃၂၃ ဦး၊ ဆရာအတတ်ပညာဦးစီးဌာနမှ အင်္ဂလိပ်စာပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ဆရာ ဆရာမ ၃၆ ဦးနှင့် အခြေခံပညာဦးစီးဌာနမှ အင်္ဂလိပ်စာဆရာ ဆရာမ ၁၉၄ ဦး၊ စုစုပေါင်း ၅၅၃ ဦးတို့သည် အွန်လိုင်းစနစ်ဖြင့် နေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီအထိ တက်ရောက်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။