ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေးအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၅

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်‌မြေ၊ ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ် သော်တာ‌ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(MRTV)သို့သွားရောက်၍  ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်မြင်ပြီးသည့်အခါ ကျောင်းသားများ၏ အရည်အချင်းအပေါ်မူတည်၍ ပညာသင်ယူခွင့် အခွင့်အလမ်းများ ကွဲပြားသွားမည်ဖြစ်ကြောင်း၊ ထူးချွန်သည့် ကျောင်းသား‌ ‌ကျောင်းသူများအနေဖြင့် နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာ ကောလိပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များကို ဆက်လက် ဆည်းပူးရမည်ဖြစ်ပြီး ရိုးရိုးအောင်မြင်ကြသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်ဂျင်နီယာ နည်းပညာဒီပလိုမာ)၊ စိုက်ပျိုးရေးသိပ္ပံ(စိုက်ပျိုးရေးဒီပလိုမာ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(စက်မှု လယ်ယာနည်းပညာဒီပလိုမာ)၊ စိုက်ပျိုး‌ရေးသိပ္ပံ (မွေးမြူရေး ဒီပလိုမာ)၊ ငါးလုပ်ငန်းသိပ္ပံ(ငါးလုပ်ငန်း သိပ္ပံဒီပလိုမာ) ကျောင်းများသို့လည်းကောင်း၊ မအောင်မြင်သည့် ကျောင်းသား‌ ကျောင်းသူများ အနေဖြင့် အသိအမှတ်ပြုလက်မှတ်ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်များသို့လည်းကောင်း ဝင်ရောက်နိုင် ကြမည်ဖြစ်ပါကြောင်း။

 

မိမိရည်မှန်းချက်များ အောင်မြင်ရန်အတွက် သင်ခန်းစာများကို နေ့စဉ်ကျေညက်အောင် လေ့ကျင့်ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်တွင် စက်မှုကျွမ်းကျင်သူများ၊ စိုက်ပျိုးရေးကျွမ်းကျင် သူများ၊ မွေးမြူရေးကျွမ်းကျင်သူများကို မွေးထုတ်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးသည်လည်း စိုက်ပျိုးရေးအပေါ်တွင် အခြေခံသည့်အတွက် ကျောင်းသား ကျောင်းသူများ အနေဖြင့် အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသည့် ကျောင်းသား ကျောင်းသူများဖြစ်လာ ကြစေရန် ကြိုးစားကြစေလိုကြောင်း၊ ကျောင်းစာများကိုသာမက ကျန်းမာသန်စွမ်းပြီး ကိုယ်လက် ကြံ့ခိုင်စေရန် အားကစားနှင့် ကျောင်းတွင်းလှုပ်ရှားမှုများတွင်လည်း ပါ၀င်ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

 

ယင်းနောက် စာသင်ခန်းများ၊ လက်တွေ့စိုက်ခင်းများ၊ ကွန်ပျူတာခန်း၊ စက်မှု၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေး အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့သင်ယူနေမှုများကို ကြည့်ရှုအားပေးပြီး စာသင်ခန်းများနှင့် ကျောင်း၀င်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။