နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၈
ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေး၀န်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှ ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင် တက္ကသိုလ်အဆင့်သို့မြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် အထက်တန်းပြဆရာများလိုအပ်ချက်ကို ပြည့်စုံအောင်ဖြည့်ဆည်းပေးရန်နှင့် ပညာရေးဒီဂရီကောလိပ်များမှ မွေးထုတ်လိုက်သော အလယ်တန်းပြဆရာ ဆရာမလောင်းများအနက်မှ ထူးချွန်သော ကျောင်းသား ကျောင်းသူများအတွက် ပညာဆက်လက်သင်ယူမှု အခွင့်အလမ်းများဖန်တီးပေးရန် ရည်ရွယ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးဆိုင်ရာလိုအပ်ချက်၊ ဆရာ ဆရာမ လိုအပ်ချက်၊ တက္ကသိုလ်အင်္ဂါရပ်များနှင့် ပြည့်စုံအောင်ဖြည့်ဆည်းပေးရမည့် အဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းလိုအပ်ချက်၊ ဘဏ္ဍာငွေဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် ချီးမြှင့်မည့်ဘွဲ့တို့ကို ဝိုင်း၀န်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်က အသေးစိတ် ညှိနှိုင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
