နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၃၀
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၃) ပညာရေး၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ နောက်ဆုံးကောက်ယူထားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ကြည့်မည်ဆိုပါက အသက် ၁၅နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများ၏ စာတတ်မြောက်မှုနှုန်းမှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်း ခန့်ရှိပြီး နိုင်ငံလူဦးရေ၏ ၇ ဒသမ ၉ ရာခိုင်နှုန်းသည် စာတတ်မြောက်မှုမရှိသည်ကို ထုတ်ပြန်ထား ချက်များအရ တွေ့ရှိရကြောင်း၊ နောက်ဆုံးကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျောင်းလုံးဝမတက်ဖူးသူ ရာခိုင်နှုန်းမှာ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားသည့်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသက် ၁၅ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား စာတတ်မြောက်ရေး သင်ကြားပေးရန် လိုအပ်လျက် ရှိသည်ကို သန်းခေါင်စာရင်းထုတ်ပြန်ချက်အရတွေ့ရှိရကြောင်း။
ပညာရေးကဏ္ဍဆိုင်ရာစီမံကိန်းများ ချမှတ်လုပ်ဆောင်ရာတွင် ဘဏ္ဍာငွေကျခံသုံးစွဲမှုကိုပါ ထည့်သွင်းဆောင်ရွက်ရသဖြင့် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ ဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးဆောင်ရွက်ပေးမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်စီမံကြီးကြပ်၊ ဘဏ္ဍာငွေပံ့ပိုးမှုူများကလည်း အရေးကြီးကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့က အမှာစကားပြောကြားကြပြီး ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများက ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် တာ၀န်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်ဝောာ် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း စာသင်ခန်းများအတွင်း ကျောင်းသားကျောင်းသူများ အေးချမ်းစွာသင်ယူနေမှု၊ ဓာတုဗေဒလက်တွေ့စမ်းသပ်ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ကျောင်းမုန့်ဈေးတန်းများ၊ သန့်စင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
