ရန်ကုန် ၂၀၂၅ နိုဝင်ဘာ ၁၃
ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်) ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယခုသင်တန်းသည် ပိုမိုကောင်းမွန်သောအတွေ့အကြုံများရရှိရန်၊ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး ထူးချွန်ဆုရရှိသူများအားဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မှော်ဘီမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ D.YEC (Dr.Yu Education Center) ကိုယ်ပိုင်အထက်တန်းကျောင်း၊ SCHOOL ကိုယ်ပိုင်အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)နှင့် ဝက်နက်ချောင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေး ပြုစုပျိုးထောင်ပေးရန် မှာကြားသည်။
ယင်းနောက် လှည်းကူးပညာရေးဒီဂရီကောလိပ်၌ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ မြို့နယ်၊ ခရိုင် ပညာရေးမှူးများနှင့် တွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများ သက်သာချောင်ချိရေးအတွက် အသားစားကြက်နှင့် ဥစားကြက်များ မွေးမြူရန် ဆွေးနွေးမှာကြားကာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မည့် မြေနေရာများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
