နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းတွင် တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာ ပါမောက္ခ(ဌာနမှူး)များနှင့် တွေ့ဆုံ၍ အခြေခံပညာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာတတ်ကျွမ်းမှုမြှင့်တင်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အင်္ဂလိပ်စာတတ်ကျွမ်းမှုမြှင့်တင်ရေးမူဝါဒ ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ ထိရောက်မြန်ဆန်စွာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာသင်ကြားမှု လုပ်ငန်းအဖွဲ့ (English Language Teaching - ELT Task Force) ဖွဲ့စည်းမည်ဖြစ်ပြီး လုပ်ငန်းတာဝန်များတွင် ထည့်သွင်းမည့် အချက်များကို ဆွေးနွေးကြစေလိုပါကြောင်း၊ သိသာထင်ရှားသော အထောက်အထား ရလဒ် (evidence-based outcomes) ထွက်ပေါ်လာနိုင်မည့် စီမံချက်ရေးဆွဲရန်နှင့် သင်ကြားရေး Coursebook စာအုပ်ရွေးချယ်ပြုစုရန်ဖြစ်ပါကြောင်း ပြောကြားကာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆက်လက်ဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ အင်္ဂလိပ်စာပါမောက္ခ (ဌာနမှူး)များက အင်္ဂလိပ်စာ သင်ကြားတတ်မြောက်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြု တင်ပြဆွေးနွေးကြရာ ဒုတိယ၀န်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
