နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တို့သို့ ရောက်ရှိပြီး Grade-12 သင် ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အလေးထား အားပေး ဆောင်ရွက်ပေးလျက်ရှိပြီး သင်ကြားရေးနှင့်သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ်ပေးလျက်ရှိပြီး မူဝါဒများပေါက်မြောက်အောင်မြင်စေရန် ဆရာ ဆရာမများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာကြိုးစားကြရန် ဂရုစိုက်ကြပ်မတ်ပေးကြစေလို ပါကြောင်း၊ Grade-9 အောင်မြင်ပြီးသည့်အခါတွင် Grade-12 သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းဖွင့်လှစ်ထားရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးလျက်ရှိပါကြောင်း၊ ယင်းကျောင်းများမှ အောင်မြင်ပြီးပါက အဆင့်မြင့်ဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည် ဖြစ်ပါကြောင်း။
Grade -12 အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် သင်ကြားရေးပိုင်းနှင့်ပတ်သက်၍ ဆရာ ဆရာမများတွင် တာဝန်ရှိသကဲ့သို့ ကျောင်းပြင်ပသို့ ရောက်ရှိချိန်တွင် မိဘများက ထိန်းကျောင်းပေးရ မည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ၏သင်ကြားရေး အရည်အသွေးကောင်းမွန်စေရန် ပညာရေး ဝန်ကြီးဌာနက သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး သုတေသနလေ့လာတွေ့ရှိချက်များ ပေါ်တွင် အခြေခံ၍ သင်ကြားရေးစွမ်းရည်များ မြှင့်တင်နိုင်ရန် ထိရောက်သည့်သင်တန်းများ ဖွင့်လှစ် ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်အခြေပြုသင်ကြားရေးစနစ်ကို အားပေးလျက်ရှိရာတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအနေဖြင့် စာကြည့်တိုက်သို့ ကိုယ်တိုင် သွားရောက်၍ အသုံးပြုလေ့လာကြပြီး ကျောင်းသားကျောင်းသူများ လေ့လာ သင်ယူနိုင်မည့်စာအုပ် များကို ဖြည့်ဆည်းထားရှိပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက Grade-12 အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဆရာ ဆရာမများ၊ မိဘများက သိရှိလိုသည်များနှင့်စပ်လျဉ်း၍မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်တက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ၍ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အပန်းဖြေရိပ်သာ (Recreation Center) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီ တည်ဆောက်ပြီးစီးရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့မန္တလာတက္ကသိုလ်သို့ရောက်ရှိပြီး မန္တလာတက္ကသိုလ်အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြား၍ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများသင်ယူနေမှုများကို ကြည့်ရှုပြီး အားပေးစကားပြောကြားကာ ဘောလုံးအားကစားကွင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
