နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်၍ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် ၁၂ ဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ၏ မြို့တော်မန်စီမြို့၌ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ အဆင့်မြင့်တတ်သိပညာရှင်များဆွေးနွေးပွဲသို့တက်ရောက်ရန် အောက်တိုဘာ ၂၁ ရက်က မန်စီမြို့သို့ ရောက်ရှိခဲ့သည်။
ညနေပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲ တရုတ်ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Yunfei နှင့် တွေ့ဆုံဆွေးနွေး၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများအား တည်ခင်းဧည့်ခံသော ကြိုဆိုနှုတ်ခွန်းဆက်ညစာစားပွဲကို ဆက်လက်တက်ရောက်ပြီး တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။
အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ အဆင့်မြင့် တတ်သိပညာရှင်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ H.E. Mrs. Yang Yang က အဖွင့်အမှာစကားပြောကြားကာ တာဝန်ရှိသူများက အလှည့်ကျဆွေးနွေးပြောကြားကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တရုတ်ပြည်သူများ၏ ကြီးပွားတိုးတက်မှုသည် မြန်မာပြည်သူများအား အကျိုးဖြစ်ထွန်းစေမည်ဖြစ်သကဲ့သို့ မြန်မာပြည်သူများ၏လူမှုစီးပွား တိုးတက်မှုသည်လည်း တရုတ်ပြည်သူများအား အကျိုးကျေးဇူးဖြစ်ထွန်းစေပါကြောင်း၊ နှစ်နိုင်ငံအကြားတည်ရှိသော တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးကို ဤဆွေးနွေးပွဲက ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ၁၀ စောင် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်သည်။
ယင်းနောက် အဖွဲ့ဝင်ကိုယ်စားလှယ်များ၏ မိန့်ခွန်းပြောကြားမှုကို တက်ရောက်အားပေးကာ မွန်းလွဲပိုင်းတွင် မြန်မာ-တရုတ် ပညာရေးနှင့်အားကစား ပူးပေါင်းဆောင်ရွက်ရေးအပြန်အလှန် Dialogue ဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။
ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်က မန်စီမြို့ ရွှေစေတီသို့ သွားရောက်ဖူးမြော်ပြီး တယ်ဟုန်သက်မွေးပညာ ကောလိပ်သို့သွားရောက်လေ့လာကာ ကောလိပ် အားကစားကွင်း၊ ဆေးသိပ္ပံပညာ၊ e-commerce ပညာ၊ မော်တော်ယာဉ်ပြင်ဆင်ရေးသင်တန်းတို့ကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ မန်စီမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး မူလတန်းကလေးငယ်များ စာသင်ခန်းအတွင်း သင်ယူလေ့လာနေမှုများကိုကြည့်ရှုပြီး အားကစားရုံ၊ မြက်ခင်းတု အားကစားကွင်းအတွင်း မူလတန်းကလေးငယ်များ အားကစားလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် Dehong Normal University သို့ ရောက်ရှိရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ပုံစံငယ်ကို ရှင်းလင်းပြသပြီး တက္ကသိုလ်သမိုင်းမှတ်တမ်းပြတိုက်အတွင်း လှည့်လည်လေ့လာသည်။
ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယဉ်ကျေးမှုဌာန၊ ဇီဝသိပ္ပံဌာန၊ အေအိုင်နည်းပညာဌာနသင်တန်းများကို ကြည့်ရှုလေ့လာခဲ့ပြီး အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
