၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ နိုင်ငံတော် အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်များ လှည့်လည်လေ့လာ

 

နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၅

 

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက MAI လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

မွန်းလွဲပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ရောက်ရှိရာ သံရုံးယာယီတာဝန်ခံ ဒေါက်တာဇော်မင်းအောင်က ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ အမှတ်တရလက်ဆောင်များပေးအပ်သည်။ ညပိုင်းတွင် Cricket Club ၌ မြန်မာသံရုံးမှ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ထူးချွန်ကျောင်းသား ကျောင်းသူများသည် Merlion Park သို့ သွားရောက် လည်ပတ်လေ့လာကြသည်။

 

ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများသည် Botanic Garden သို့ သွားရောက် ကြည့်ရှုလေ့လာကြပြီး Singapore Institute of Management University သို့ ရောက်ရှိရာ တာဝန်ရှိသူများကကြိုဆို၍ နှုတ်ခွန်းဆက်စကားပြောကြားကာ တက္ကသိုလ်နှင့် ပတ်သက်သည့်အချက်အလက်များနှင့် ပို့ချလျက်ရှိသည့်  ဘာသာရပ်ဆိုင်ရာ သင်တန်းများအကြောင်း ရှင်းလင်းပြောကြားပြီး တက္ကသိုလ်အတွင်း လေ့လာကြည့်ရှုကြသည်။

 

ထို့နောက် Singapore Institute of Management University မှ Hainanese Chicken Rice စားသောက်ဆိုင်၌ နေ့လယ်စာ သုံးဆောင်ကြပြီး မွန်းလွဲပိုင်းတွင် Gardens by the bay သို့ သွားရောက်လေ့လာကြသည်။

 

ညနေပိုင်းတွင် Sentosa သို့ရောက်ရှိကာ Singapore Oceanarium ကို ကြည့်ရှု လေ့လာခဲ့ကြပြီး ထူးချွန်ကျောင်းသား ကျောင်းသူများသည် Vivo City Shopping Center တွင် ဈေးဝယ် လေ့လာခဲ့ကြောင်း သိရသည်။