ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် လွိုင်ကော်တက္ကသိုလ် ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၂၀၂၅  အောက်တိုဘာ ၁၄

 

လွိုင်ကော်တက္ကသိုလ်ကို အောက်တိုဘာ ၁၃ ရက်တွင် စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယင်းနေ့နံနက်ပိုင်းက လွိုင်ကော် တက္ကသိုလ် အဝေးသင် ဒုတိယအသုတ် အနီးကပ်သင်တန်းများဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြား နေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ပထမနှစ်မှ စတုတ္ထနှစ်အထိ ဖွင့်လှစ်လျက်ရှိသည့် အနီးကပ် သင်တန်းများသို့ တက်ရောက်ပညာသင်ယူလျက်ရှိကြသော အဝေးသင် ကျောင်းသား ကျောင်းသူများ အား ပင်မဆောင်ရှိ စာသင်ခန်းအသီးသီးတွင် ၀င်ရောက်တွေ့ဆုံလွိုင်ကော် တက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သဖြင့် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ စာသင်ဆောင်၊ အိပ်ဆောင် များ ပျက်စီးမှုကို နိုင်ငံတော်က ဘတ်ဂျက်များစွာသုံးစွဲ၍ ပြင်ဆင်ပေးခဲ့သဖြင့် ယခုကဲ့သို့ မိမိရပ်ရွာ ဒေသတွင် အေးချမ်းစွာ ပညာသင်ကြား ခွင့်ရရှိပြီဖြစ်ပါကြောင်း၊ စိမ်းလန်းစိုပြည်လှပနေပြီဖြစ်သော လွိုင်ကော်တက္ကသိုလ်ကြီး အစဉ်အမြဲ တည်မြဲလှပနေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလို ပါကြောင်း တိုက်တွန်းပြောကြားကာ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း‌ဆောင်ရွက်ပေးသည်။

ယင်းနောက် ဘက်စုံသုံးခန်းမနှင့် ဘာသာရပ်ဌာန ရုံးခန်းများကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမ၌ လွိုင်ကော်တက္ကသိုလ်တွင် တာ၀န်ထမ်းဆောင်နေကြသည့် ဆရာဆရာမများ၊ ၀န်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ ပြည်ထောင်စု၀န်ကြီး၏ ချီးမြှင့် ငွေများကို ခေတ္တပါမောက္ခချုပ်အား ပေးအပ်သည်။

ထို့နောက် ဒုတိယ၀န်ကြီးသည် စာကြည့်တိုက်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ အိပ်ဆောင်၊ အားကစား ကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာ၀န်ရှိသူများအား မှာကြား ပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးသို့သွားရောက်၍ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်မျိုးတင်အား ဂါရ၀ပြုတွေ့ဆုံ နှုတ်ဆက်သည်။

ထို့နောက် လွိုင်ကော်မြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးအားပေးပြီး ပြည်ထောင်စု၀န်ကြီး၏ ချီးမြှင့်ငွေများကို ကျောင်းအုပ်ကြီး များအား ပေးအပ်ကာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများအား တွေ့ဆုံအားပေးစကား‌ပြောကြား ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။