နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၄
အခြေခံပညာကဏ္ဍ သင်ကြား၊ စီမံရေးရာဝန်ထမ်းများ၏ရာထူးတိုး၊ အပြောင်းအရွှေ့ ဆိုင်ရာ မူဝါဒများ သုံးသပ်ခြင်းနှင့်အရည်အသွေးပြည့်မီစွာ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ပညာရေး၀န်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တိုင်းဒေသကြီးပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများနှင့် တာ၀န်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စု၀န်ကြီးက အခြေခံပညာအောက်တွင်ရှိသည့် အရာထမ်း၊ အမှုထမ်း ၀န်ထမ်းများ၏ ရာထူးတိုး၊ အပြောင်းအရွှေ့မူဝါဒများသည် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ပိုမိုကောင်းမွန်သည့် မူဝါဒများချမှတ်နိုင်ရေး ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက်များ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ၀န်ထမ်းစည်းမျဥ်း စည်းကမ်းဥပဒေများနှင့်အညီ အကောင်းဆုံးသော အတိုးအပြောင်းမူဝါဒများကို ဆွေးနွေးနိုင်ကြ မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများဖြစ်သည့် KG+9 ပြီးမြောက် အောင်မြင်ရန်နှင့် တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေးတို့ကို အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးအတွက် အထောက်အကူပြုစေရန် ယခုဆွေးနွေးပွဲတွင် အလေးအနက်ထား ဆွေးနွေးပေးကြစေလိုပါကြောင်း၊ ရာထူးတိုးပြောင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်အလိုက် ဆောင်ရွက်ရာတွင် ယခုဆွေးနွေးပွဲမှ ချမှတ်လိုက်သည့် မူဝါဒများနှင့်အညီ ရာထူးတိုးအပြောင်းအရွှေ့များကို ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ ယခုဆွေးနွေးပွဲ၏ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်စေရန်နှင့် အကောင်းဆုံး မူဝါဒ များ ချမှတ်နိုင်ရေးနှင့် ပညာရေးကဏ္ဍအတွက် ကောင်းမွန်သည့် ရလဒ်ကောင်းများရရှိနိုင်ရေး ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေးတို့အတွက် ဖြည့်စွက်ပြောကြားပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အခြေခံပညာကဏ္ဍ သင်ကြား၊ စီမံရေးရာ ဝန်ထမ်းများ၏ ရာထူးတိုးအပြောင်းအရွှေ့ဆိုင်ရာမူဝါဒများ သုံးသပ်ခြင်းနှင့် အရည်အသွေးပြည့်မီစွာ တန်းစဉ် ကူးပြောင်းနှုန်းမြင့်မားရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး အပြောင်းအရွှေ့၊ ရာထူးတိုးလုပ်ငန်းများအတွက် အုပ်စုများခွဲ၍ ဝိုင်း၀န်းဆွေးနွေးကြကာ ဆွေးနွေးချက်များကို အုပ်စုအလိုက် အနှစ်ချုပ်တင်ပြကြသည်။အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ၂ရက်ကြာ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
