နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၃
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်သို့ ရောက်ရှိပြီး ဘာသာရပ်ဆိုင်ရာ လှုပ်ရှားမှုများနှင့် ပညာရပ်ဆိုင်ရာပိုစတာများကို ကြည့်ရှုသည်။
ထို့နောက် အဝေးသင်(သိပ္ပံတွဲ)သင်တန်း ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံ၍ မန္တလေးတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ ၁၅၀၀ ကျော်ရှိရာတွင် ပါရဂူတက်ရောက်သူ ၇၀၀ ကျော်ရှိသည့်အတွက် သုတေသနအခြေပြုတက္ကသိုလ်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ရတနာပုံတက္ကသိုလ်အနေဖြင့် သင်ကြားရေးအခြေပြု တက္ကသိုလ်ဖြစ်သည်ကို ကျောင်းသား ကျောင်းသူအင်အားကြည့်ခြင်းဖြင့် သိရှိရကြောင်း၊ ရတနာပုံ တက္ကသိုလ်တွင် နေ့သင်တန်း ကျောင်းသား ကျောင်းသူဦးရေ ငါးထောင်ကျော်ရှိပြီး အဝေးသင် ကျောင်းသား ကျောင်းသူ သုံးသောင်းကျော်ရှိသည်ကို တွေ့ရှိရကြောင်း၊ သင်ကြားရေးအပေါ်တွင် အခြေပြုသည့် တက္ကသိုလ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း၊
ဆရာ ဆရာမများကိုယ်တိုင် စာကြည့်တိုက်သို့ သွားရောက်၍ ပရောဂျက်ခေါင်းစဉ်များ ချပေးရန်လိုအပ်ကြောင်း၊ ယနေ့အချိန်ကာလတွင် ကျောင်းသား ကျောင်းသူများသည် နေ့သင်တန်းများထက် အဝေးသင်ကို ပိုမိုရွေးချယ်တက်ရောက်လျက်ရှိကြကြောင်း၊ အဝေးသင်ပညာရေး စနစ်သည် ပုံစံအမျိုးမျိုးရှိသည့်အတွက် အဝေးသင်ရှိသည့်ကျောင်းများမှ ပါမောက္ခချုပ် ဆရာ ဆရာမကြီးများနှင့် အစည်းအဝေးကျင်းပပြီး အဝေးသင်ပညာရေးစနစ် ပိုမိုအကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများသည် ၀တ်စားရာတွင် မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး ရိုးရာယဉ်ကျေးမှုနှင့်အညီ တန်ဖိုးထား၀တ်စားဆင်ယင်ကြစေရေး ကြပ်မတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး၊ ဒုတိယ၀န်ကြီးများနှင့် တာ၀န်ရှိသူများသည် မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား အစမ်းလေ့ကျင့်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
