နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးဒေသ၊ နန်နင်းမြို့၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၆ရက် အထိ ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ်(ကွမ်ရှီး)-အာဆီယံအသက်မွေးဝမ်းကျောင်းပညာ ပူးပေါင်းဆောင်ရွက်မှု နှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
စက်တင်ဘာ ၁၅ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Guangxi Polytechnic of Construction ၌ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Lu Xinning နှင့်တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ Ms. Lu Xinning က ညီလာခံဖွင့်လှစ်ကြောင်း ကြေညာပြီး တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အဖွင့်အမှာစကားပြောကြားကြကာ ဉာဏ်ရည်တုနည်းပညာဖြင့် သက်မွေးပညာတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေကို ဆွေးနွေးကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ဉာဏ်ရည်တု အေအိုင်နည်းပညာ၏စွမ်းပကားကြီးမားလာမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကို အခြေခံသော စက်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခုနှင့် သွင်းကုန်အစားထိုးထုတ်ကုန်များထုတ်လုပ်ရေး အားပေးလျက်ရှိမှု၊ အဆိုပါလုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာဖြင့် ပေါင်းစပ်ပံ့ပိုးမည်ဆိုပါက တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကွမ်ရှီးစီးပွားရေးနှင့် ကုန်သွယ်မှုသက်မွေးပညာ တက္ကသိုလ်ရှိ အာဆီယံ ဉာဏ်ရည်တု အေအိုင်နည်းပညာလက်တွေ့ခန်း၊ အဝတ်အထည်ချုပ်နည်းပညာပြခန်းနှင့် ဒီဂျစ်တယ်ဖက်ရှင်ဒီဇိုင်းရေးဆွဲနည်း သင်တန်းခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး ဉာဏ်ရည်တု အေအိုင်နည်းပညာ၊ ဒီဂျစ်တယ်နည်းပညာကို ပညာရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေကို မေးမြန်းဆွေးနွေးကာ ကွမ်ရှီးဒေသ ပညာရေးဦးစီးဌာနက တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်သည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့ ကွမ်ရှီးစီးပွားရေးနှင့် ကုန်သွယ်မှုသက်မွေးပညာတက္ကသိုလ်၌ ကျင်းပသည့် ဆွေးနွေးပွဲသို့တက်ရောက်ပြီး အေအိုင်နည်းပညာဖြင့် ဒီဂျစ်တယ်စီးပွားရေး တိုးတက်စေနိုင်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးကာ Guangxi Skills Master Hub တွင် ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
