ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံ

 

နေပြည်တော် ၂၀၂၅ သြဂုတ် ၂၄

 

ကျောင်းသား ကျောင်းသူများကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်အတွက် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းများကို မပျက်မကွက်ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့နှင့်အတူ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ တာ၀န်ရှိသူများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သင်ကြားသင်ယူမှုနှင့်ပတ်သက်၍ လာမည့်နှစ်များတွင် ကျောင်းများ၌ ဘာသာစုံဂုဏ်ထူးထွက်သည့် ကျောင်းသား ကျောင်းသူများ အချိုးညီမျှစွာ မွေးထုတ်ပေးနိုင်ရေး ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအားလုံး ညှိနှိုင်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ အရည်အသွေးရှိပြီး ထူးချွန်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေးအတွက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများကို စဉ်းစားကြစေလိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှုန်း ကျဆင်းနေမှုကို ဖြေရှင်းနိုင်ရေးအတွက် ပညာရေးမှူးများအနေဖြင့် ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ အဖြေရှာပြီး ပြန်လည်တင်ပြစေလိုပါကြောင်း။

 

ကျောင်းပြောင်း TC လက်မှတ်များ ထုတ်ပေးရာတွင် ကျောင်းအုပ်ကြီးများကို ကြီးကြပ်ရမည်ဖြစ်ပါကြောင်း၊ ပြောင်းရွှေ့ခွင့်ဆောင်ရွက်ရာတွင် တူညီသည့်မူများကို တစ်သမတ်တည်းချမှတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြင်ဆင်သင့်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို ပြင်ဆင်သင့်ပါက ပြင်ဆင်ရမည်ဖြစ်ရာ အခြေခံပညာနှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို လိုအပ်သလို ပြင်ဆင်ရေးဆွဲသွားရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျောင်းများ အနေဖြင့် အသစ်ဖွင့်လှစ်ရန် မှတ်ပုံတင်လျှောက်ထားလာပါက သတ်မှတ်ထားသော စံနှုန်းများဖြင့်တိကျစွာ တိုင်းတာစစ်ဆေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် စည်းကမ်းရှိမှု၊ မူးယစ်ဆေးဝါး ကင်းရှင်းမှု၊ ဝတ်စားဆင်ယင်မှုနှင့် ဆရာ ဆရာမများအား ရိုသေလေးစားတန်ဖိုးထားမှုများကို အလေးထားလိုက်နာရန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများက အဓိကကြီးကြပ်စေလိုပါကြောင်း၊ အစိုးရကျောင်းများကဲ့သို့ ပုဂ္ဂလိကကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများကို ဖိဖိစီးစီးစာသင်ကြားရုံသာမက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်အတွက် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းများကို လိုက်နာ ဆောင်ရွက်ကြရန် မြို့နယ်ပညာရေးမှူးများက အထူးအလေးထားကြပ်မတ် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးများက ကျောင်းသား ကျောင်းသူများအား မှန်ကန်သည့် စိတ်ဓာတ်ကောင်းများ ရှိလာစေရေး၊  ခိုက်ရန်ဖြစ်ပွားခြင်း မရှိစေရေးအတွက် အထူးအလေးထား ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် အလေးအနက်ထား၍ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက လက်ရှိလုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။