ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကွင်းဆင်းစစ်ဆေး

 

နေပြည်တော် ၂၀၂၅ ဇူလိုင် ၁၀

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ရှမ်းတဲ)၌ သုံးထပ်စာသင်ဆောင် တည်ဆောက်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားသည်။

 

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီခန်းမ တည်ဆောက်ရေးအတွက် မြေနေရာချထားမှုပုံစံများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ မိတ္ထီလာပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများ လက်တွေ့တန်းပြဆင်း လေ့ကျင့်သင်ကြားပို့ချနေမှုကိုလည်းကောင်း၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ် ဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် မိတ္ထီလာတက္ကသိုလ်၌ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ Recreation Center တည်ဆောက်နေမှုနှင့် စာသင်ဆောင်အသစ် တည်ဆောက်မည့် နေရာရွေးချယ်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။