နေပြည်တော် ၂၀၂၅ ဇွန် ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲ စာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက် ကြီးကြပ်ရေးမှူး ဆရာ ဆရာမများ စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေမှုများနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၃)နှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနေမှုနှင့် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယနေ့ကျင်းပသည့် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခု၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ စုစုပေါင်း ၁၂၅၃၁ ဦးရှိပြီး ဖြေဆိုသူ ၁၂၄၀၆ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၀၀ ရာခိုင်နှုန်း ဖြေဆိုကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ၂၉ ခရိုင်၊ ၅၈ မြို့နယ်တို့တွင် စာစစ်ဌာန စုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ ၆၃၆၇၃ ဦးရှိပြီး ဖြေဆိုသူ ၆၂၇၈၈ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
