၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ၊ စာသင်ခန်းများ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး ညှိနှိုင်းစည်းဝေး

 

နေပြည်တော် ၂၀၂၅ ဧပြီ ၁၈

 

မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့် ပြင်ဆင်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊  အခြေခံပညာကျောင်းများကို လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့် ပြင်ဆင်ထားနိုင်ရေးအတွက် စနစ်တကျ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍မရပါကြောင်း၊ ပြန်လည်တည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးသည်အရေးကြီးပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေ အရွယ်ကလေးအားလုံး မပျက်မကွက်ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ထမ်းများ၊ ဆရာဆရာမများနှင့် မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိ ကျောင်းအဆောက်အအုံများကို အမြန်ဆုံး စနစ်တကျ ရှင်းလင်း‌ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဦးစီးဌာနများနှင့် တိုင်ဒေသကြီး၊ပြည်နယ်များရှိ ထိခိုက်ပျက်စီးခဲ့သည့် ကျောင်း များ၊ အဆောက်အအုံများကို အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း၊ အသစ်တည် ဆောက်ခြင်းဟူသော သတ်မှတ်ချက်သုံးမျိုးနှင့်အညီ စနစ်တကျစာရင်းပြုစုထားရှိရမည်ဖြစ်ပါ ကြောင်း၊ ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့် အညီ ပြင်ဆင်သွားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သောဒေသများတွင် ယာယီစာသင်ဆောင်များ နှင့် ယာယီလူနေဆောင်များကို စနစ်တကျ ဖြည့်ဆည်းသွားကြရမည်ဖြစ်ပါကြောင်း၊ အဆောက် အအုံများပြုပြင်တည်ဆောက်ရာတွင် မပြုပြင်မီ၊ ပြုပြင်ဆဲနှင့် ပြုပြင်ပြီး မှတ်တမ်း ဓာတ်ပုံများ စနစ်တကျထားရှိဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ဝန်ထမ်း စည်းမျည်းစည်းကမ်းနှင့်အညီ နေထိုင်၍ ပညာရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က အသေးစားပြင်ဆင်ရန်လိုအပ်သော အဆောက်အအုံများကို ကျောင်းဖွင့်ချိန်မတိုင်မီ အချိန်မီပြီးစီးအောင်ဦးစားပေးပြုပြင် ဆောင်ရွက်ရန်ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က ကျောင်းဖွင့်ချိန်အမီ ကျောင်းများအဆင်သင့် ဖြစ်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများအားလုံးပူးပေါင်း‌ဆောင်ရွက်မှု အားကောင်း စွာဖြင့် ပူးပေါင်း‌ဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အနေဖြင့် မိမိတို့လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများရှိပါက ယခု အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။