ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော် ၂၀၂၅ ဧပြီ ၁၀

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌  မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး ဒဏ်သင့် ပညာရေးဝန်ထမ်းများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသော အစားအသောက် များနှင့် ထောက်ပံ့ငွေများကို ဦးစီးဌာနအလိုက် ပြန်လည်ဖြန့်ဝေပေးအပ်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် အလှူရှင်များလှူဒါန်းမှုများကို စုပေါင်း၍ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲ၊ စသဖြင့် စားသောက် ကုန်များနှင့် လူသုံးကုန်များ၊ ထောက်ပံ့ငွေများကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်းများအတွက် သက်ဆိုင်ရာဦးစီးဌာနအလိုက် ကြီးကြပ် ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာယီငလျင်ရှောင်စခန်းများနှင့် နေထိုင်ရန်တဲများ၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်‌သုံးရေ ရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် နိုင်ငံပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ စာရင်းဇယား များဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းကိစ္စများ ပုံမှန်လည်ပတ်နိုင်ရေး အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက စားသောက်ကုန်၊ လူသုံးကုန်နှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက လက်ခံရယူကြသည်။

 

ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းရှိ ယာယီငလျင်ရှောင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ငလျင်ဒဏ် သင့် ဝန်ထမ်းများအား စားသောက်ကုန်၊ လူသုံးကုန်နှင့် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။