၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ၂၀၂၅ ဧပြီ ၂၂

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့‌ မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များတက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ် မည်ဖြစ်၍ ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် တက်ရောက်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရန်နှင့် ယာယီကျောင်းဆောင်များ တည်ဆောက်နိုင်‌ရေးကိုလည်း စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငလျင်ဒဏ်မခံရသော တက္ကသိုလ်များအနေဖြင့် မိမိတို့တက္ကသိုလ်၏ တိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာတိုးတက်ရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းများကို ကြိုးစား ဖွင့်လှစ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဝန်ကြီးဌာနအနေဖြင့် အလွန်‌ ဝမ်းနည်းရ‌ပါကြောင်း၊ ငလျင်ဒဏ်‌ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွား‌သော တိုင်း‌ဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ရက်မှ ၂၁ရက် အထိ  ပြန်လည်ကျင်းပသွားမည်ဖြစ်၍ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သည်များကို တိုင်း‌ဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများမှ တစ်ဆင့် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လို‌ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဇွန်လ(၂)ရက်နေ့မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် အိပ်ဆောင်များ ‌သန့်ရှင်းရေးဆောင်ရွက်ကြရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးနေမျိုးလှိုင်က ရုံးများ၊ ကျောင်းများတွင် သတ်မှတ်ထားသောဝတ်စုံများကို ဝတ်ဆင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပမည့် စာစစ်ဌာနများတွင်ဖြေဆိုရမည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြော ကြားသည်။

 

ထို့နောက် ဦးစီးဌာနအလိုက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။