နေပြည်တော် ၂၀၂၅ ဧပြီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်၊ စာသင်ဆောင်၊ ကျောင်းဝင်း အုတ်တံတိုင်းစသည့် ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအား ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများ အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လာမည့် ပညာသင်နှစ်အတွက် စာသင်ဆောင်နှင့် ကျောင်းအတွက်လိုအပ်ချက်များကို ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းဖွင့်ချိန်အမီ စစ်ဆေးပြင်ဆင်ဆောင်ရွက်ပေးရေးတို့ကို မှာကြား၍ ငလျင်ဘေး ဒဏ်သင့် ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို အားပေးစကားပြောကြားကာ ကျောင်းအတွက်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၁) အခြေခံပညာအထက်တန်း ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ ဆရာမ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးမှုနှင့် ဘွဲ့နှင်းသဘင်ခန်းမအသစ် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် အဆောက်အအုံများဆောင်ရွက်ပေးနိုင်ရေး၊ ရေ၊ မီး၊ သန့်စင်ခန်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ အဆင့်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
