ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရန် နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံများဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၅ ဧပြီ ၂၆

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများနေထိုင်ရန် နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံ နမူနာ ဆောက်လုပ်ထားရှိမှု၊ လုံလောက်သောလမ်းအကျယ်ဖောက်လုပ်ထားမှုနှင့် ဘာရှာ အဆောက်အအုံများ ဆက်လက်ဆောက်လုပ်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စု ဝန်ကြီးက ဘာရှာအဆောက်အအုံများကို မိုးလေမကျမီ သတ်မှတ်ချိန် ကာလအတွင်း အမြန်ပြီးစီး အောင် ဆောက်လုပ်ကြရန်၊ ရေစီးမြောင်းများနှင့်မိုးတွင်းကာလ သွားလာရန် လမ်းများကောင်းမွန်အောင်စနစ်တကျဆောင်ရွက်ရန်၊ ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လုံလုံခြုံခြုံ နေထိုင်နိုင်ရန်ရည်ရွယ်ဆောက်လုပ်နေသည့် ဘာရှာအဆောက်အအုံတွင် သန့်ရှင်းသော သောက်‌သုံးရေရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သောသန့်စင်ခန်းများကို ပြည့်စုံသော မိလ္လာစနစ် ပူးတွဲ၍ တည်ဆောက်ပေးရန်၊ လိုအပ်သော လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ ပညာရေးဝန်ထမ်းများအနေဖြင့် လာမည့်ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်တွင် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် မိမိတို့ဦးစီးဌာနအလိုက် ရုံးလုပ်ငန်း ကိစ္စများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။