နေပြည်တော် ၂၀၂၅ မတ် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရွှေနတ်တောင် အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့သွားရောက်၍ စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအားကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအလေးထား ဆောင်ရွက်ကြရန်မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့နယ် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်နှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံ တည်ဆောက်နေမှုများ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရေး၊ သင်ကြားရေးနှင့် စီမံရေးရာကိစ္စရပ်များ အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောင်းပြင်ပ ပညာရေးကဏ္ဍ၊ အခြေခံစာတတ်မြောက် ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မော်လမြိုင် အထက(၂) လှိုင်စာသင်ဝိုင်း၊ အမက(၆) ဇေယျာသီရိစာသင်ဝိုင်းများသို့ သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
