ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၅ ဧပြီ ၂၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေး‌ဒေသရှိ  အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အခြေခံပညာ မူလတန်းကျောင်း(ရှေ့ဝကြီး)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အိုင့်ထောင့်ကြီး)၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲ(ကေလာ)၊ အခြေခံပညာမူလတန်းကျောင်း(ဇရပ်ကြီး)၊ အခြေခံ ပညာမူလတန်းကျောင်း(ကြာတော)၊ အခြေခံပညာမူလတန်းကျောင်း(ပေါက်ပါး) ကျောင်းများသို့ သွားရောက်၍ မတ် ၂၈ ရက်က ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောင်းဆောင်၊ စာသင်ဆောင်၊ အဆောက်အအုံများနှင့် ဇွန်လကျောင်းဖွင့်အမီ ယာယီကျောင်းဆောင် တည်ဆောက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ‌အ‌ခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်‌ရေး၊ ယာယီကျောင်းဆောင်ဆောက်လုပ်ရေးနှင့် အသစ် တည်ဆောက်ရေးတို့ကို အလျင်အမြန်ဆောင်ရွက်လျက်ရှိရာ မိမိတို့ဒေသရှိ အခြေခံပညာ ကျောင်းများ ယခင်အခြေအနေထက် ပိုမိုကောင်းမွန်စေရေးအတွက် စုပေါင်း ညီညာစွာဖြင့်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်းဆောင်များ ပြုပြင်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်အရည်အသွေးများနှင့်ပြည့်မီရေး၊ နည်းစနစ် ကောင်းမွန်စွာ ဖြင့်ဆောင်ရွက်ရေးအတွက် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် လာမည့်ပညာသင်ကာလအမီ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်အခြေအနေကိုလိုက်၍ အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းနှင့် ပြန်လည်အသုံးမပြုနိုင်တော့သည့် အဆောက်အအုံကို ဖြိုချရှင်းလင်းပြီး အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီစာသင်ဆောင် တည်ဆောက်ပေးခြင်းတို့ကို အလျင်အမြန်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာနေရာဌာနများဖြစ်သည့် စာသင်ကျောင်းများကို သဘာဝဘေးအန္တရာယ် အမျိုးမျိုးခံနိုင်ရည်ရှိသည့် အဆောက်အအုံဖြစ်အောင်  တည်ဆောက်ကြ စေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိုးကြိုကာလဖြစ်၍ မိုးလေဝသများသတိထားကြရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန်နှင့် ကျောင်းအဆောက်အအုံများနှင့် ကျောင်းသားကျောင်းသူ ကလေးငယ်များအား သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများ၊ အသိပညာပေးမှုများ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လာမည့် ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေးအတွက်  ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ငလျင်ဒဏ်သင့်ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေပေးအပ်ကာ ကျောင်းအတွက် လိုအပ်သည်များ ကို  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ရွှေညောင်)နှင့် အခြေခံပညာအထက်တန်းကျောင်း(ရွှေညောင်)သို့ သွား ရောက် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ရွှေညောင်) တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP)တက်ရောက်နေကြသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေဆုံ အားပေး စကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။