ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ စာသင်ကျောင်းများပျက်စီးမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၅ ဧပြီ ၅

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဘေးဒဏ်သင့် ပညာရေး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ယာယီစုပေါင်းနေထိုင်ရာစခန်းသို့ ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် အဆိုပါစခန်းရှိ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များက ဆန်အိတ်များ ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပညာရေးအိမ်ရာရှိ ပညာရေးဓမ္မာရုံနှင့် Naypyitaw State Academy သို့ သွားရောက်၍ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်း မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာတာဝန်ရှိသူများအား အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း မှာကြားသည်။

 

ယင်းနောက် အဆိုပါကျောင်းရှိ ပညာရေးဝန်ထမ်း ဆရာ ဆရာမများနှင့် တွေ့ဆုံအားပေး စကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများ၏ နေထိုင်မှု၊ ရေ၊ မီးရရှိမှု၊ သန့်စင်ခန်းသုံးစွဲမှုအခြေအနေများ ကောင်းမွန်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် အခြေခံပညာကျောင်းများ ပျက်စီး ထိခိုက်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ ပညာ သင်ယူမှုအခွင့်အလမ်း မထိခိုက်စေရေးအတွက် အစီအစဉ်များရေးဆွဲချမှတ်ဆောင်ရွက်နေ ကြောင်း ပြောကြားသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ငလျင်ဘေးဒဏ်သင့် ပညာရေး ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းနှင့် Naypyitaw State Academy သို့ သွားရောက်အားပေးစကားပြောကြားပြီး China Foundation for Peace and Development (CFPD)နှင့် China-Myanmar Economic Cooperation Development Promotion Association (CMECDPA) တို့က ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးက ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများထံ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် လူများနေထိုင်ရန်အတွက် ယာယီတဲများ အသင့်ပြင်ဆင်ဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။