ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများ ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၅ မတ် ၁၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများ ရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှု အားပေးသည်။

 

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် KG+12 စနစ်သစ်ပညာရေးစနစ်၏ အခြေခံပညာအထက်တန်းအဆင့် နောက်ဆုံးအရည်အချင်းစစ် စာမေးပွဲဖြစ်ပါကြောင်း၊ မျိုးဆက်သစ် နိုင်ငံသားကောင်းသမီးမွန်များအားလုံး ကျော်ဖြတ်ရသည့် အရေးကြီးသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျရာ အခန်းကဏ္ဍက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရမည်ဖြစ်ပါကြောင်း၊ ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ကြသူ များအားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေး ချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲ ကျင်းပစဉ်အတွင်း အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက အမြန်ဆုံးသတင်းပို့၍ ချက်ချင်း လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ အား မှာကြားသည်။

 

အလားတူ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သက်ဆိုင်ရာ စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှု များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။