အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (မူ၊ လယ်၊ ထက်) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၅

 

ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် တည်မြဲလုပ်ထုံးလုပ်နည်း (SOP) များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုကို လျှော့ချကာကွယ်တားဆီးနိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုကင်းစင်သော ပညာရေးအသိုက်အဝန်းကို တည်ထောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းက လူငယ်များကို လူတော်လူကောင်းများ ဖြစ်လာစေရန် အခြေခံစာရိတ္တမဏ္ဍိုင်ကို ကျောင်းများမှ စတင်ရမည်ဖြစ်၍ ဖြောင့်မတ်တည်ကြည်မှုသင်ခန်းစာများကို ဆရာ ဆရာမများအနေဖြင့် ထိရောက်စွာ သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးက ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (မူ၊ လယ်၊ ထက်) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်ဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ကော်မတီအဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ဦးဆောင်၍ ပညာရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များနှင့် တွေ့ဆုံဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။