ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများ ရေရရှိရေးနှင့် စားသောက်ရေးကိစ္စများ ဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော် ၂၀၂၅ ဧပြီ ၁

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပညာရေးအိမ်ရာရှိ ပညာရေးဓမ္မာရုံသို့သွားရောက်၍ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် နေပြည်တော်၌ ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများအား တွေ့ဆုံ အားပေးစကားပြောကြားသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြောင့် ယာယီစုပေါင်းနေထိုင်ရာတွင် ကျန်းမာရေးအထူးဂရုစိုက်ရန်လိုပါကြောင်း၊ တစ်ဦးနှင့် တစ်ဦးဖေးမ ကူညီကာ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုထိန်းသိမ်းကြစေလို ကြောင်း၊ နေထိုင်ရေး၊ ရေ၊ မီးရရှိရေး၊ စားသောက်ရေး၊ သန့်စင်ခန်းသုံးစွဲနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားကာ ယာယီနေထိုင်မှု အဆင်ပြေစေရေး၊ ရေရရှိရေးကိစ္စရပ်များကို ဖြည့်ဆည်းပေးပြီး ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းနှင့် Naypyitaw State Academy  သို့ သွားရောက်၍ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ရေမီးလိုအပ်ချက်များ အဆင်ပြေစေရန် မီးစက်တပ်ဆင်ပေးခြင်းနှင့် စားသောက်ရေးကိစ္စများ အဆင်ပြေစေရန်အတွက် သောက်ရေသန့်ဘူးများနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဟင်းသီးဟင်းရွက်များ ဖြည့်ဆည်းပေးအပ် ခဲ့သည်။

 

ထို့နောက် ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ နေထိုင်စားသောက်ရေးလိုအပ်ချက်များကို  ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။