ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၅ မတ် ၃

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ် ပညာရေးမှူး ဦးမြင့်လွင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ဟဲဟိုး)၊ တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (တောင်လေးလုံး)၊ အခြေခံပညာ အထက်တန်းကျောင်း (ရွှေညောင်)နှင့် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း‌ကျောင်း (အေးသာယာ)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ထုံးဘို)၊ အမှတ်(၇) နှင့် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5)နှင့် အခြေခံပညာ အလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ မြန်မာဘာသာဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ထိုသို့ကြည့်ရှုအားပေးစဉ် ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန်မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်‌ပေးသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီး တက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ် သုတေသနစင်တာ၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ သုတေသနသုံးစက်ပစ္စည်းများကို အကျိုးရှိထိရောက်အောင် အသုံးချ ဆောင်ရွက်ရန်၊ သုတေသနကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဒေသအကျိုးပြု သုတေသနလုပ်ငန်းများ‌ အလေးထားဆောင်ရွက်ကြရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

 ယင်းနောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။