နေပြည်တော် ၂၀၂၅ ဇွန် ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်သည် ပညာရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနသို့ ရောက်ရှိကာ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့အားပေးကြည့်ရှုရာတွင် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာတာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားပြီး ကျောင်းအတွင်းရှိ ကျန်းမာရေးဆေးပေးခန်းကို ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးများသည် ပုဗ္ဗသီရိမြို့ရှိ အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် ကျောင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် ရပ်မိရပ်ဖများ၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်၊ ပြည်သူ့ရဲ၊ ပရဟိတအဖွဲ့များ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြန်လည်ဖြေဆိုကြသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ၂၉ ခရိုင်၊ ၅၈ မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း ၁၉၅ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၈၂၄ ဦး ဝင်ရောက်ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေ လေးခရိုင်၊ ရှစ်မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း ၄၇ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၂၅၃၁ ဦး စာရင်းပေးသွင်းကြပြီး ၁၂၄၀၇ ဦး ဝင်ရောက်ဖြေဆို ကြကြောင်း သိရသည်။
