နေပြည်တော် ၂၀၂၅ ဧပြီ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပေးမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့် နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီ ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ သင်ကြားမည့် ဆရာ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို သတ်မှတ်ထားသောကျောင်းများ၌ မေ ၂ ရက်တွင် စတင်သင်ကြားပေးရန် စာရင်းပေးထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမပေါင်း ၁၀၇၆ ဦးရှိကြောင်း၊ လေဆိပ်၊ ကားဂိတ်တို့တွင် တာဝန်ရှိသူများက ကြိုဆိုနေကြမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးဒဏ်ခံစားရသည့်ဒေသများမှ ကျောင်းသား ကျောင်းသူများကို စာမေးပွဲကောင်းမွန်စွာ ဖြေဆိုနိုင်ရန်အတွက် လာရောက်ကူညီပေးခြင်းဖြစ်သည့်အတွက် ဆရာ ဆရာမများ နေထိုင်၊ စားသောက်၊ သွားလာရေး အဆင်ပြေစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် ပညာရေးမှူးရုံးအသီးသီးရှိ ဝန်ထမ်းများက ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို သွားရောက်သင်ကြားပေး ခြင်းသည် ပညာဒါနမြောက်သည်ဖြစ်၍ ကျောင်းသား ကျောင်းသူများအား သင်ခန်းစာများ၊ မေးခွန်းပုံစံများကို သေချာစွာ နားလည်သဘောပေါက်နိုင်စေရန် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း၊ သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် စာသင်ကြားပေးသည့်အစီအစဉ်တွင် ပါဝင်ကြမည့် ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့က ဘာသာရပ် ပါမောက္ခများအနေဖြင့် ဆရာ ဆရာမများကို သင်ပြနည်းများ လေ့ကျင့်ပေးရေးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာသူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရန် နှစ်ခန်းတွဲ ဘာရှာ အဆောက်အအုံများ ဆောက်လုပ်နေမှု ကို ကြည့်ရှုစစ်ဆေးပြီး နေအိမ်များ ခိုင်ခံ့မှုရှိစေရေး၊ မိုးဒဏ်လေဒဏ်ခံနိုင်မှုရှိစေရေး၊ အရည်အသွေးများပြည့်မီစေရေး၊ အမြန်ပြီးစီးရေးတို့အတွက် တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
