တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခြင်းကို တရားမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် အခွင့်အရေးအဖြစ် ကြိုးစားအားထုတ်ကြစေလို

 

နေပြည်တော် ၂၀၂၅ မေ ၂

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီးလူမှုရေးရာဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်၍ တက္ကသိုလ် ပါမောက္ခ၊ ဆရာ ဆရာမများက ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ အနီးကပ်သင်ကြားပို့ချနေမှုများကို လိုက်လံ ကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့်‌‌ ကျောင်းသား ကျောင်းသူများအား စခန်းသွင်း လေ့ကျင့်သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများအားလုံး ကိုယ်စီရည်မှန်းချက်များဖြင့် ကြိုးစားခဲ့ကြသူများဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခြင်းကို တရား မျှတမှုနှင့် ဂုဏ်သိက္ခာအတွက် အခွင့်အရေးအဖြစ် သတ်မှတ်ကာ ကြိုးစားအားထုတ်ကြစေလို ပါကြောင်း၊ ယခုလာရောက်သင်ကြားပို့ချပေးသည့် တက္ကသိုလ်ပါမောက္ခ ဆရာ ဆရာမများက အမှတ်ပေးစည်းမျဉ်းနှင့်ကိုက်ညီသော ဖြေဆိုနည်းများကို စနစ်တကျသင်ကြားပေးနေခြင်းဖြစ်၍ ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ မိမိတို့ရည်မှန်းချက်များ‌ အောင်မြင်စေရန် တက္ကသိုလ်ဝင် စာမေးပွဲအတွက် ဆက်လက်ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်း‌နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား ပုံနှိပ်ဖတ်စာအုပ်၊ ဗလာစာအုပ်စသည့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်သည်။

 

ထို့နောက် သင်ကြားပို့ချပေးကြသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများအား ပြည်ထောင်စုဝန်ကြီးက ရင်းရင်းနှီးနှီးတွေ့ဆုံ၍  ကျောင်းသား ကျောင်းသူများ အောင်မြင်စွာ ဖြေဆို နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားသင်ကြားပေးကြစေလိုကြောင်း ပြောကြားကာ  ချီးမြှင့်ငွေများကို ပေးအပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ စစ်ကိုင်းမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်အမီ ယာယီကျောင်းဆောင်များ တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

 

  ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းများရှိ လေ့ကျင့်သင်ကြား‌‌ရေး စခန်းများ သို့သွားရောက်၍ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။