နေပြည်တော် ၂၀၂၅ မေ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ လာမည့်ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဘာသာရပ်ဆိုင်ရာ အနီးကပ် သင်ယူ နေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာအခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်အမီ စာသင်ဆောင်၊ စာသင်ခန်းများ အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားကြရ မည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်း မထိခိုက်စေရေးအတွက် ယာယီစာသင်ဆောင်နှင့် အသစ်ပြန်လည် တည်ဆောက် သည့် ကျောင်းအဆောက်အအုံလုပ်ငန်းများ အရည်အသွေးကို ဦးစားပေး၍ အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေ၊ မီးရရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်စင်ခန်းများဖြစ်စေရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာ ဆရာ ဆရာမများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ တက္ကသိုလ်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် ဘာသာရပ်ဆိုင်ရာသင်ကြားပေးမှုများကို ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ မိမိတို့ရည်မှန်းထားသည့် အနာဂတ်ဘဝ သာယာလှပစေရေးအတွက် မိမိတို့၏ ပညာရေးအဆင့်မြင့်မားအောင် ကြိုးစားအားထုတ်ခြင်းဖြင့် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်များ၏ ပညာအရည်အသွေး တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော် အစိုးရက အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝိုင်းဝန်းပံ့ပိုးကူညီကြသူများ၊ သင်ကြားပို့ချပေးသည့် ပါမောက္ခ၊ ဆရာ ဆရာများ၊ အခြေခံပညာ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးပေးခန်းမှ သူနာပြုဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
