ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလို

 

နေပြည်တော် ၂၀၂၅ မေ

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံ ပညာကျောင်းများသို့ သွား‌ရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ယန္တရား အခြေခံပညာအထက်တန်းကျောင်း၊ အမရပူရမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် အမှတ်(၃၃)အခြေခံပညာအလယ်တန်း ကျောင်းခွဲ၊ အောင်မြေသာစံမြို့နယ် အမှတ်(၂၅)အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍  ဇွန်လ ကျောင်းဖွင့်ချိန်အမီ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိမိတို့၏ အခြေခံပညာကျောင်းများကို ထိခိုက်ပျက်စီးမှု အလိုက် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီစာသင်ဆောင် တည်ဆောက်ပေးခြင်းတို့ဖြင့် ပြန်လည် တည်ထောင်‌ရေးလုပ်ငန်းများ အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊  ကျောင်းနှင့် ကျောင်းသားအရေအတွက်ပေါ်မူတည်၍ နှစ်ချိန်တက်ကျောင်းအဖြစ် ဆောင်ရွက်ခြင်း၊ ရေ၊ မီး၊ သန့်စင်ခန်းပြည့်စုံရေး၊ ဆောင်ရွက်ပေးခြင်းတို့ကို  စနစ်တကျပြင်ဆင် ဆောင်ရွက်ထား ကြရမည်ဖြစ်ကြောင်း မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း‌ ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာဆရာ ဆရာမများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုမှ အစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် စခန်းသွင်း လေ့ကျင့်ရေး Camp များတွင် စားသောက်ရေး၊ နေထိုင်ရေးစသည်ဖြင့် အခက်အခဲမရှိ အဆင်ပြေအောင် ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာ ဆရာမများ၏ သင်ကြား ပို့ချမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလိုပါကြောင်း အားပေးစကား ပြောကြား ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။