နေပြည်တော် ၂၀၂၅ မေ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေးနှင့် တက္ကသိုလ်အတွက် တာဝန်ယူ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားရာတွင် စာမေးပွဲပြန်လည်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဦးတစ်ယောက်ချင်း၏ အရည်အချင်းကို ခွဲခြားသတ်မှတ်ရန်အတွက် တရားမျှတစွာ စစ်ဆေးခြင်း ဖြစ်ကြောင်း၊ သင်ခန်းစာများကို ပြန်လည်လေ့ကျင့်ပေးသည့်အနေဖြင့် တက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများပူးပေါင်း၍ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း၊ နောက်တစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရာတွင် ယခင် မျှော်မှန်းချက်ထက် ပိုမိုမြင့်မားသည့် မျှော်မှန်းချက်များဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဥပဓိကောင်းမွန်ရေး၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းအဆောက်အအုံ၊ စာသင်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) တက်ရောက်သင်ကြား၊ သင်ယူနေကြသည့် ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အေးမြသီတာခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကချင်ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ်၊ စာရေးကိရိယာ၊ သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိ သည်။
