နေပြည်တော် ၂၀၂၅ မေ ၁၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ UNESCO ဌာနေကိုယ်စားလှယ် Mr.Ichiro Miyazawa အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာ ကျောင်းများ၊ ပညာရေးဒီဂရီကောလိပ်များ၊ တက္ကသိုလ်များကို ဇွန်လကျောင်းဖွင့်ချိန်အမီ ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းများ ပြုပြင် ထိန်းသိမ်းရေး၊ အသစ်တည်ဆောက်ရေးလုပ်ငန်းများတွင် UNESCO အနေဖြင့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
